စအိုဝ ယားယံခြင်း အကြောင်းရင်းများ
ငယ်ငယ်တုန်းက " စအိုဝ ယားရင် တုတ်ထိုးတာ ၊ သန်ထတာ၊ အဲ့ဒါ သန်ကောင်၊တုတ်ကောင် ၊ သန်ချရမယ် " စတဲ့ လူကြီးတွေ ပြောကြတာကို ကြားဖူးနားဝ ရှိကြမှာပါ။ ဒါဆို စအိုဝယားတိုင်း သန်ကောင်ကြောင့်ပဲ ဖြစ်တာလား ဆိုတာတော့ ဒီဆောင်းပါးကို အဆုံးထိ ဖတ်ကြည့်ပေးဖို့ တိုက်တွန်းပါရစေ မိတ်ဆွေ။
စအိုဝ ယားယံတာဟာ အမျိုးသား၊ အမျိုးသမီး အရွယ်အမျိုးမျိုးမှာ ဖြစ်နိုင်ပေမယ့် အရွယ်ရောက်ပြီးသူတွေမှာ ပိုဖြစ်ပါတယ်။ လူဦးရေရဲ့ 1 % ကနေ 5% ဟာ စအိုဝ ယားယံတာ ခံစားဖူးကြကြောင်း စစ်တမ်းတွေ အရ တွေ့ရှိရပါတယ်။ အသက် ၄၀ ကနေ ၆၀ ကြားမှာ အဖြစ်များပြီးတော့ အမျိုးသားထုက အမျိုးသမီးထုထက် လေးဆ ပိုဖြစ်နေပါတယ်။
သာမန်နေရာတွေမှာ ယားရင် အလွယ်တကူ ကုတ်လိုက်တာ၊ ဆေးလိမ်းတာ လုပ်လို့ရပေမယ့် စအိုဝ ယားယံတာကတော့ ကုတ်လို့လဲ မလွယ်၊ လူကြားထဲမှာလဲ အတော့်ကို ထိုင်မရ၊ထမရ ၊ ကသိကအောင့် အရမ်းဖြစ်စေတဲ့ အတွက် အမြန်ကုသဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လဲ အနာသိမှ ဆေးရှိမှာ ဖြစ်တဲ့အတွက် စအိုဝ ယားယံတဲ့ တိတိပပ အကြောင်းရင်းကို သေချာသိမှာသာ အနာနဲ့ဆေး ထပ်တူကျပြီး အမြန်ပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။
သတိပြုရမှာကတော့ စအိုဝ ယားယံတိုင်း မကုတ်ရပါ။ စအိုဝဆိုတာ မစင်စွန့်ရာ နေရာဖြစ်ပြီး သွေးလည်ပတ်စီးဆင်းတဲ့ ထောက်ပို့အား ကောင်းတဲ့အတွက်ကြောင့် နဂိုထဲက ပိုးမွှားတွေပေါက်ဖွားဖို့ ရေခံမြေခံကောင်းလဲ ဖြစ်ပါတယ်။ ဒါကြောင့် ယားလို့ကုတ်ရင်းနဲ့ စအိုနားက အရေပြားတွေ ပေါက်ပြဲပွန်းပဲ့သွားရင် အလွယ်တကူ ပိုးဝင်နိုင်တဲ့အပြင် သွေးထဲကတစ်ဆင့် စီးဝင်သွားပြီး အလွယ်တကူ ပိုးဆိပ်သင့်သွားနိုင်ပါတယ်။
ဒါဆို စအိုဝ ယားယံတာ ဘာတွေကြောင့်များလဲ?
လူအတော်များများမှာ သေချာတဲ့အကြောင်းရင်းခံ ရှာမတွေ့ဘဲ ယားတတ်ကြပြီးတော့ တစ်ချို့တွေမှာတော့ အကြောင်းရင်းခံ သေချာရှာဖွေလို့ရတဲ့အပြင် ဆေးပါ သေချာကုပြီး ပျောက်ကင်းနိုင်ပါသေးတယ်။
သေချာတဲ့ အကြောင်းရင်းခံတွေက ဘာတွေများလဲ
- လိပ်ခေါင်းဖြစ်တာ၊ စအိုနားက အသားပိုကြောင့်ဖြစ်တာ၊ ဝမ်းမလုံတာ၊ ဝမ်းပေနေတာ၊ အူတွေနဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုခုကြား ဒါမှမဟုတ် အပြင်ဘက် အရေပြားဘက်ကို ပွင့်ထွက်နေတဲ့ ပုံမမှန် လမ်းကြောင်းဖြစ်နေတာ၊ ဝမ်းအရမ်းချုပ်လွန်းလို့ ညှစ် ပါရာကနေ စအိုအတွင်းပိုင်း အနည်းငယ်ကွဲသွားတာ၊ ရံဖန်ရံခါ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့်လဲ စအိုဝ ယားယံခြင်း ဖြစ်ပေါ်စေပါတယ်။
- စအိုရဲ့ ကြွက်သား တင်းအားကို လျော့စေတဲ့ တစ်ချို့သော အစားအစာတွေ - ကော်ဖီ (caffeine ပါတာရော၊ မပါတာရော) ၊ လက်ဖက်ရည်၊ ကိုလာ၊ အားဖြည့်အချိုရည်များ၊ ဘီယာ၊ ချောကလက်၊ " ရှောက်သီး၊ သံပရာသီး၊ လိမ္မော်သီး၊ Grapefruit သီး " ကဲ့သို့သော အရည်ရွှမ်း အသီးများ၊ ခရမ်းချဥ်သီး၊ အခွံမာသီး၊ စပ်တဲ့အစားအစာတွေ၊ နို့နဲ့နို့ထွက် ပစ္စည်းတွေ ဟာ စအိုယားယံခြင်းကို ဖြစ်စေတတ်ပါတယ်။
- တစ်ချို့သော အရေပြားကူးစက်ရောဂါတွေ (ဥပမာ - ဘက်တီးရီးယား၊ မှို၊ ဝဲ၊ ပါရာဆိုက် (သန်ကောင်) ၊ ဝဲ၊ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ စအိုကြွက်နို့ စတာတွေကြောင့်လဲ စအိုဝ ယားယံစေပါတယ်။
- တစ်ချို့သော အရေပြားရောဂါတွေ ( ငါးအကြေးခွံကဲ့သို့ အထပ်ထပ်ဖြစ်စေသော psoriasis ၊ ခန္ဓာကိုယ်ရဲ့ အဆီဂလင်းရှိတဲ့နေရာတွေမှာ ဖြစ်လေ့ရှိတဲ့ seborrheic dermatitis ၊ နှင်းခူ (atopic dermatitis) ၊ တစ်ချို့သောအသုံးအဆောင်ပစ္စည်း (ဥပမာ-သတ္တု) တွေနဲ့ ဓာတ်မတည့်သော contact dermatitis ၊ နာတာရှည်ယားလို့ ကုတ်ပါများရင်း အရေပြားအထပ်ထပ်ဖြစ်စေတဲ့ Lichen simplex ၊ ကိုယ်ခံအားစနစ် ဖောက်ပြန်မှားယွင်းစွာ တိုက်ခိုက်မှု ပြဿနာတွေကြောင့် ဖြစ်တဲ့ lichen planus ၊ စအိုနားတစ်ဝိုက်မှာဖြစ်တတ်တဲ့ အရေပြားကင်ဆာ စတာတွေဟာ စအိုဝ ယားယံခြင်းထဲမှာ အပါအဝင်ဖြစ်ပါတယ်။
- ဆီးချို၊ သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်း၊ thyroid hormone များခြင်း၊ အသည်း နဲ့ ကျောက်ကပ် မကောင်းခြင်း၊ သွေးဖြူဥများတဲ့ သွေးကင်ဆာ (leukemia) ၊ ကိုယ်ခန္ဓာရဲ့ ပြန်ရည်စနစ်မှာ ဖြစ်တဲ့ ကင်ဆာ (lymphoma) စတဲ့ ခန္ဓာကိုယ်အနှံ့ တိုက်ခိုက်တတ်တဲ့ ရောဂါတွေမှာလဲ စအိုဝယားယံတာ ခံစားရနိုင်ပါတယ်။
ကဲ ဒါဆိုရင်တော့ စအိုဝယားယံစေတာဟာ သန်ကောင်တစ်ခုထဲနဲ့ပဲ ဆိုင်တာ မဟုတ်ဘူးဆိုတာ ရိပ်မိလောက်ပြီ ထင်ပါတယ်။
မိတ်ဆွေတို့ကော စအိုဝ ယားယံတာ အရေးကြီးတယ်လို့ ထင်ပါသလား?
ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကိုလဲ စာဖတ်သူမိတ်ဆွေများက မျှဝေပေးစေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ
သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။